ရွှေရင်မျှော်
------------- စံညိမ်းဦး
ကျားမြီးနဲ့ မျောက်မြီး တွဲချည်ထားမိသလို ဖြစ်ရ
နိုင်ငံတော်နဲ့ နိုင်ငံသားထု ကံတရားထဲ
လွင့်နေတဲ့ လက်ဖျံရိုးဟာ
ဒါးမြှောင်တန်းလန်းနဲ့ တုန်နေတယ်။
------------- စံညိမ်းဦး
ကျားမြီးနဲ့ မျောက်မြီး တွဲချည်ထားမိသလို ဖြစ်ရ
နိုင်ငံတော်နဲ့ နိုင်ငံသားထု ကံတရားထဲ
လွင့်နေတဲ့ လက်ဖျံရိုးဟာ
ဒါးမြှောင်တန်းလန်းနဲ့ တုန်နေတယ်။
မချိုမြိန်သောလမ်းများထက်
မရှိတဲ့ပန်းတိုင်ကို လျှောက် နေရသလိုလို
အနူလက် ဆူးမျက် နေ့ရက်တိုင်းဟာ အကန်းလို။
လူပျက်များအတွက် ဝပ်ရှော့မရှိတဲ့ တိုင်းပြည်မှာ
လူကောင်းတွေ မိလ္လာကားတိုက်ပြီး မသာပေါ်ရ
ဘုရားအားလုံး မျက်လုံးပြူးကြရပါတယ်။
ခပ်ချဉ်ချဉ်နဲ့
ဈေးကျနေတဲ့ အမှန်တရားကို တိုင်ရိုက်ပြီး ရှိုက်ကြည့်ပြန်တော့
ငွေမြင်မှ စင်တော်ကောက်ချင်တဲ့ အက်တမိုစပီးယားကြီးတွေ့ပေါ့ကွာ။
ဘုန်းတော်ကျူးမှ ဖူးပွင့်ရ ခါတော်မီပန်းခင်းကြီးလည်း တွေ့ပေါ့ကွာ။
ငါတို့ ခေတ်ပြိုင်များ
ဘယ်သူက စစ်မှန်သောအရူးလည်း သိဖို့
တယောက်ခေါင်း တယောက် ပုလင်းနဲ့ရိုက်ခွဲ
ခေါင်းကွဲတော့လည်း ရှိုက်ကြီးတငင်ငင် ဖက်ငိုကြရပြန်တယ်။
မအော်ဖူးတဲ့ အိမ်ရှိပါ့မလား
ငါ့အဘိုးလည်း
တို့ခေတ်ကိုတော့ရောက်ရမည်မှာမလွဲပါ အော်ရင်း
ငါ့ဘေး လို မြေကြီးထဲ ဆင်းသွားခဲ့ရရှာတယ်။
စံညိမ်းဦး ပါ သန်၅၀ အမှုတွဲ စီရင်ထုံးကိုဖတ်ရင်
ခြေဥကို ဖင်အတုမို့ ဖီလင်မဖြစ်ခြင်းများအပေါ်
မတရားသဖြင့် တရားစွဲခံရခြင်းကို သိလိမ့်မယ်။
အဲဒါ
သုံးရောင်ချယ်အလံမဟုတ်ဘူး
သွေးရောင်ချယ် အလံကွ
လူထုသွေးတွေနဲ့ ချယ်ထားတဲ့ အလံကွ
မျက်ရည်ပေါက်ကြီးငယ်နဲ့ အလေးပြုလိုက်ကြစမ်းတော့။
သံဖနောင့် ရိုက်ချိုး
ရှည်လွန်းတဲ့ ကျွန်ဇာတာကို ဖြို
ရွှေဒေါင်းတောင် ဆိုမယ့်တေးဟာ ဘယ်တော့လဲ။
အသက်၄၀ကျော်ပြီ
လိင်ရမ္မက်လည်းရှိတယ်။ ဇိမ်ရမ္မက်လည်းရှိတယ်။
လူ့ဘောင်သာယာရေးအိပ်မက်တွေလည်းရှိတယ် ဘာဆန်းလဲ
ဒီအရွယ်ကြီးမှတော့ အမှန်ပြောဖို့ ဘာကိုကြောက်နေတာတဲ့လဲ
လာကွယ်
ကဗျာတပုဒ်နဲ့ဖြစ်ဖြစ် မတရားမှုကို နားရင်းအုပ်
ချဉ်ဖတ်ကမ္ဘာအပုပ်ထဲမှာ ငါတို့ နေပျော်ကြရမှ ဖြစ်မယ်။
ငရဲဘုံထဲမှာ သုခဘုံရှိကြောင်း ယုံတမ်း
ဘဝထမ်းပြီး ပြောခဲ့ကြရုံ။
စံညိမ်းဦး
( ၆ ၉ ၂၀၁၇ မွေးနေ့ သို့)

No comments:
Post a Comment