Monday, September 18, 2017

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက် - ​မောင်​​ချောနွယ်

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်
မောင်​​ချောနွယ်

ဟိုး ခပ်ဝေးဝေးက
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာအိမ်မရှိရှာဘူး အမေရယ်
ကမ္ဘ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေဝေပုံကလည်း
အဖူးပေါ် အညွှန့်တက်လို့
တပ်မက်စရာပါလားအမေ
သံသရာလေးတေးချင်းတွေကစီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမားသလဲပင်ကလေးကို
အားကျမိတယ်
အမေရယ်
လေတွေထန်နေလေလေ
သားမှာကြေကွဲရလေလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ညတွေမှာ
မိုးတွေသိပ်ရွာတာပဲအမေရယ်
အမှောင်နဲ့စိုစွတ်
မိုးရေတွေရွှဲရွှဲနစ်လို့
အသံတွေတောင်ငုတ်နေခဲ့ပါပြီအမေ
ဆုံးရှုံးမှုသစ်ရွက်တွေမရှုမလှနဲ့
ကံဆိုးမိုးမှောင်တောင်ကုန်းပေါ်မှာ
သားဘဝရဲ့အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ်အမေ
အမေမသိဘူးလား
အမေ့သားကကဗျာဆရာလေ
အမေရဲ့
တကယ်တော့လည်းအမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ
အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သားကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလားအမေရယ်
သားရဲ့အချစ်မှာလေ
ဟောဒီကမ္ဘာကြီးနှစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့မသေခြာတော့ပါဘူးအမေရယ်
ခုတော့
တခြားသူတွေမမြင်မိတဲ့အသံလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံးဆုလဘ်ကိုသားရခဲ့ပါတယ်
အမေမသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ်အမေရဲ့
ဧည့်ခန်းနဲ့ အင်္ကျိကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကို
သားတူးတူးခါးခါးမုန်းတယ်အမေ
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ
သားမှာတော့
ယူဇနာသန်းပေါင်းများစွာဝေးကွာလို့
သားလေ
ရေရောထားတဲ့ညရယ်လို့မရခဲ့ဖူးဘူး
သားရဲ့ ဘီးကလေးဟာလေ
ဘယ်လောက်တောင်ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင်နှင်းမိရင်တောင်
ဘီးကထပေါက်သွားနိုင်ပါတယ်အမေ
အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ဘဝခရီး
အခမဲ့ညတွေသိပ်ပြီးသိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်က္ဈတ်က္ဈတ်ကြီးကန်သွင်းခံရ
ကျနော်ဘယ်လောက်မှားယွင်းမိလို့လဲအမေ
အဆုတ်ကကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီးခိုစီးလို့
ကဗျာဆရာမာယာကော့စကီးဆိုတဲ့လူလည်းပါတယ်
လူနဲ့သူနဲ့မတူတဲ့လူလို့
လူတွေသူတွေအပြောခံရတဲ့သားမိတ်ဆွေပေါ့
ဘယ်လောက်တောင်ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှသမ္မာဒေဝတွေလက်ထဲရောက်မှာတဲ့လဲ
တစ်ယောက်ကိုတစ်ယောက်မေးရင်းပေါ့
မျက်စေ့တစမှိတ်လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြုဟ်တွေချောင်းကောဖြစ်သွား
ဘဝကိုဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးထဲမှာ
အချိုရည်ကျန်သေးတယ်
အို
အသည်းနှလုံးထဲမှာ
ပန်းတွေအရမ်းပွင့်တာပဲအမေရယ်
ကုတ်အင်္ကျိ ဝတ်ချင်တဲ့ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့မြက်ပင်လေးရယ်
လမင်းကို
ပြည့်ပြည့်ဝဝ တိုက်ရိုက်မမြင်ချင်တဲ့အပြုံးရယ်
အနေအထိုင်မတတ်တဲ့ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက်ကဗျာအပေါ်အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲကကြယ်ပြာလေးရယ်
နက္ခတ်မိမိပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာကျစ်ကျစ်ပါအောင်ဆုတ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့သားဘဝလေးရယ်
အမေ့သားမှာပိုင်ဆိုင်ပါတယ်
ထမင်းစစ်စစ်စားချင်တယ်အမေရယ်
အိမ်နံ့မွှေးတဲ့အိပ်ရာစစ်စစ်မှာအိပ်ချင်တယ်
ခြေထောက်တွေကိုမီးဖိုအငွေ့ပေးချင်တယ်
ဗမာပရဆေးသန့်သန့်သောက်ချင်တယ်
ပြီးတော့ဟောဒီလို
အမေ့မျက်လုံးအရောင်ကိုမွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီးပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့အမေ့အကြည့်လေ
အမေရယ်
အမေ့ဆိပ်ကမ်းမကပ်တာကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့
ကျနော်ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။ ။

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...