ဆိပ်ကမ်းသာ အပြန်ခရီး
⛴
🚢
🛳
⚓ တီကျူး
ဝေဒနာဟာ လှံသွားလို နှလုံးအိမ်ကိုထိုးစိုက်ထားတယ်
သက်သာလို သက်သာငြား
မြေကြီးကို ဖနောင့်နဲ့ ဆောင့်ဆောင့်ပြီး နင်းတယ်
ဆိပ်ကမ်းသာဝပ်ကျင်းထဲက ထွက်ကျလာတဲ့ ဝေဒနာဟာ မလျော့ပါး
ငါ့အစ်ကိုရဲ့ တုန်ရီ ခါရမ်းနေတဲ့ နှလုံးသားနဲ့
ငါ့အစ်ကိုရဲ့ တုန်ရီ ရမ်းခါနေတဲ့ ခန္ဓာကိုယ် တစ်ခုလုံးနဲ့
တဆတ်ဆတ်တုန်နေတဲ့ အမှန်တရားကို
ဖန်ခွက်ထဲ ထည့် စိမ် ထားရတယ်
တည်ငြိမ်အေးချမ်းရေးအတွက် လေးပက်ပြား
ငြိမ်ဝပ်ပိပြားရေးအတွက် လေးပက်ပြား
အေးချမ်းသာယာရေးအတွက် နှစ်ပက်ပြား
ကမ္ဘာဆန်မှုထဲမှာ ငါ့အစ်ကိုရဲ့ချစ်မေတ္တာတွေဟာ
တဖြည်းဖြည်းများပြားလာတယ်။
လူကသာတုန်နေတာ အသိက မတုန်ပါဘူးကွာတဲ့
အမေရိကန်ရောက် သူငယ်ချင်းတွေအကြောင်းရောက်တော့
အဲ့ကောင် ရာဇာနဲ့ ဇော်ကြီးက တည့်တာမဟုတ်ဘူးကွတဲ့
ကိုဒီနဲ့ ခင်ဝမ်း
သေးပေါက်ရင်းရဟန္တာဖြစ်သွားတာကအစ
မျိုးဆွေသန်းအခန်းနဲ့ ငါ့ဖလင်ခန်းလေးမှာ ကူးချည်သန်းချည်
ပင့်ကူအိမ်ယှက်နေခဲ့တာ အလယ်
ကိုအောင်ဘညိုအတွက် မျက်ရည်များလည်းပါတယ်။
အဲဒီည
ထိုင်ခုံကထတော့ ကမ္ဘာကြီးထဲ
မျက်ရည်မြစ်ကြီး စီးကျန်ရစ်ခဲ့လေတယ်။
တီကျူး
12-9-2017
3:33 pm

No comments:
Post a Comment